9
9
ဒေါနမြေသို့ တစ်ခေါက်
.
မိုးရာသီဆိုတာ ခရီးသွားတဲ့အချိန် မဟုတ်ပေမဲ့လည်း ချီလီသွားခဲ့တဲ့ ဘားအံခရီးစဉ်လေးကို အားလုံးသိအောင် မျှဝေလိုက်ပါတယ်။ မိုးတွင်းဆိုတာ ခရီးသိပ်မသွားကြတဲ့ အချိန်ဆိုတာ တကယ်တော့ ကိုယ့်အတွက်က အချိန်ကောင်းပါဘဲ။ ဒီလိုအချိန်မှာပဲ Resort, Hotel တွေ တော်တော်များများ ဈေးလျော့လေ့ရှိပါတယ်။ ကိုယ်တိုင်ကလဲ High Season ကို မုန်းတော့ သူများသိပ်မသွားတဲ့ အချိန်နဲ့နေရာကို ရွေးသွားရတာကို ပိုကြိုက်မိတယ်။ အခုလည်း Hpa-ann Lodge ကဈေးလျော့တာ တိုက်ဆိုင်နေတာနဲ့ မွန်းကျပ်တဲ့ ရန်ကုန်ကနေ ဒီတစ်ပတ် ထွက်လာခဲ့ပါတယ်။
.
Hpa-Ann Lodge
Hpa-Ann Lodge မှာဘာတွေရှိလဲ? အဓိကကတော့ Resort မှာ ဘာမှသိပ်မရှိတတ်ပါဘူး။ Resort တွေရဲ့ ထုံးစံအတိုင်း တီဗွီမရှိပါဘူး။ တောတွေတောင်တွေနဲ့ အကောင်းဆုံး အနားယူနိုင်အောင် လုပ်ပေးထားတာမို့ မြို့နဲ့ ဝေးတတ်ပါတယ်။ Hpa-Ann Lodge မှာတော့ ရေကူးကန်ရှိတယ်ပေါ့နော်။ ရေကူးကန်ကနေ လှမ်းကြည့်လိုက်ရင် ဇွဲကပင်တောင်ကြီးကို မြူတွေပတ်နေတာကို တွေ့ရမှာပါ။ အရမ်း ကို သာယာပါတယ်။
.
ချီလီတို့ ဒီကိုလာခဲ့တဲ့ ရည်ရွယ်ချက်က အနားယူဖို့ဆိုတော့ စာအုပ်တွေ၊ ရုပ်ရှင်ကားတွေကို လက်တော့ထဲ ထည့်လာခဲ့တယ်။ ရောက်ရောက်ခြင်းမနက်က အစောကြီးဖြစ်နေတော့ အိပ်ရာကို နေမြင့်မှ ထမိကြတယ်။ ဘာအသံမှ မကြားရတဲ့ တိတ်ဆိတ်ခြင်းကို ခံစားရတာမို့လို့ အကုန်လုံး စိတ်ချမ်းသာစွာ အိပ်စက်မိတယ်။ ရန်ကုန်က ကားဟွန်းသံတွေ၊ လော်စပီကာသံတွေ မရှိဘူးလေ။ ပြီးတော့ ကော်ဖီလေးသောက် ရုပ်ရှင်တူတူကြည့်ကြ၊ စာအုပ်ဖတ်ကြနဲ့ ကောင်းကောင်း အနားယူ ဖြစ်တယ်။ မနက်ဆိုလဲ တောင်တန်းဘေးက ဖြတ်သွားတဲ့ မြူခိုးတန်းကြီးကို ငေးပြီး ခံစားနေရတာ ကိုက ဘာနဲ့မှ မလဲနိုင်တဲ့ အချိန်တွေပါဘဲ။ ပြီးတော့ရေကူးကန်မှာ မနက်စောစော ရေကူးတဲ့အရသာကလဲ တော်တော်မိုက်တာမို့ လုပ်ကြည့်ခဲ့ဖို့ တိုက်တွန်းတယ်နော်။ ဆောင်းတွင်းတော့ မကူးနဲ့နော်။ အရမ်းအေးမှာပဲ။ မိုးတွင်းကတော့ မိုးမရွာရင် ဘားအံကပူပါတယ်။
.
အခန်းပုံစံ နဲ့ ဈေးနှုန်း
အိမ်တစ်အိမ်လုံးကို ကျွန်းသစ်နဲ့ဆောက်ထားတာပါ။ အိမ်အမျိုးအစားနှစ်မျိုးရှိပြီး Karen Cottage နဲ့ 3 Bed Room ပါတဲ့ Karen Family Cottage ပါ။ ချီလီတို့က သုံးယောက်တည်းမို့ Extra Bed နဲ့ Karen Cottage မှာနေပါတယ်။ ဒါပေမဲ့ သွးမယ်ဆိုရင် ၄ယောက် အခန်း ၂ ခန်းယူတာကပိုတန်သလိုပဲ။ ချီလီတို့အခန်းက ဒေါ်လာ (၈၀) တန် အခန်းပါ။ ပုံမှန် ဒီအခန်းကို ၂၂၀ ဒေါ်လာ ယူတယ်လို့ပြောပါတယ်။ Extra Bed က (၄၅) ကျပ်ထပ်ပေးရပါတယ်။ ပြီးတော့ ကိုယ်တွေက Early Check in ဖြစ်နေတော့ အခန်းခ တစ်ဝက်ကိုထပ်ပေးရပါတယ်။ မပေးဘဲ မထမတော့ lobby မှာ နေမလို့ပဲ။ ဒါပေမဲ့ သူတို့ Lobby က တော်တော်သေးတော့ နောက်ဆုံး ပိုက်ဆံ အပိုထွက်သွားတယ်ပေါ့နော်။ တကယ်လို့ Family Karen Cottage ကိုယူမယ်ဆိုရင် ၁၆၀ ဒေါ်လာပဲ ပေးရမှာပါ။ ပုံမှန်ကတော့ ၃၀၀ ကျော်ပါတယ်။
.
ဟိုတယ်က မနက်စာ
.
Resort တစ်ခုအနေနဲ့ကျွေးတာ အရမ်းနည်းတယ်လို့ ခံစားရတယ်။ မိုးတွင်းမို့လားတော့မသိဘူး။ ပေါင်မုန့်၊ ကြာဇံကြော်၊ အသီး၊ကော်ဖီနဲ့အအေးပေါ့။ ပုံမှန် ဟိုတယ်မှာ ကျွေးသလိုပဲ။ ဘူဖေးပုံစံမဟုတ်ဘူး။ အဲတစ်ခုတော့ စိတ်တိုင်းမကျဘူး။ သူယူတဲ့ဈေးနဲ့ အဲတစ်ခုမတန်ဘူး ခံစားရတယ်။
.
ဘားအံကို သွားမယ်ဆိုရင်
ဘားအံကို ဘတ်စ်ကားနဲ့ပဲ သွားဖြစ်ပါတယ်။ GI ကားတွေက တော်တော်ကောင်းတယ်။ Special Class က ၁၄၀၀၀ ပေးရတယ် ထင်တယ်။ ကိုယ်တွေက တစ်သောင်းတန်လောက်ပဲဝယ်လိုက်ပေမဲ့ ကံကောင်းတော့ Special Class စီးလိုက်ရတယ်လေ။ ဘတ်စ်နဲ့သွားရင်တော့ စိတ်ညစ်ရတာ တစ်ခုကတော့ မနက်ကို အစောကြီးဝင်တာပါဘဲ။ GI လို ကားတွေက မြဝတီကိုဆက်သွားကြတာမို့ပါ။ ဘားအံကို မနက် (၃း၃၀) လောက်ရောက်ပါတယ်။ ရောက်တာနဲ့ ကိုယ်ခေါ်ထားတဲ့ ကားက လာခေါ်ပါတယ်။
.
အပြန်ကျတော့ GI က မြဝတီကလာတဲ့ကားဆိုတော့ ဘားအံကို ည ဆယ်နာရီကျော်မှ ရောက်မယ်ဆိုတော့ မနက်ဖြန် ရုံးတက်ရမည့် ကိုယ့်အတွက် အဆင်မပြေတာနဲ့ ရွှေစင်စင်္ကြာနဲ့ပြန်ခဲ့တယ်။ သူက ခြောက်ထောင်ပဲလား ပေးရတယ်။ ဒါပေမဲ့ သူထက် ကောင်းတဲ့ ရွှေမန္တလာကိုတွေ့ခဲ့တယ်။ နောက်တစ်ခါဆိုရင်တော့ ရွှေမန္တလာနဲ့ပြန်ဖြစ်မယ်ထင်တယ်။
.
သွားရေးလာရေး
ဘားအံမှာ လည်ဖို့အတွက်ကတော့ ကားက ငှားရမှာပါ။ ချီလီတို့နေတဲ့ Hpa-ann Lodge က မြို့နဲ့ဝေးတော့ ကားငှားမှပဲ အဆင်ပြေမှာပါ။ ကားငှားမယ်ဆိုရင်လဲဟိုတယ်က ကားတွေ မခေါ်ပါနဲ့။ ဈေးကြီးတတ်တယ်လေ။ ချီလီသိတဲ့ ကားသမားကို ခေါ်လို့ရပါတယ်။ 09-255725805 ကိုမောင်ထွန်းလို့ ခေါ်ပါတယ်။ ဈေးကလဲ မကြီးပါဘူး။ ကားဂိတ်လာကြိုမယ်ဆိုရင် (၅၀၀၀) ကျပ်ပဲ ယူပြီး တစ်နေကုန်ကို (၅၀၀၀၀) ယူပါတယ်။ မဆိုးဘူး တန်တယ်လေ။ လေးယောက်လောက်သွားရင် မျှရှင်းရင် သိပ်မကုန်ဘူးပေါ့။ ဒါက low-season rate ပေါ့နော်။ High-season တော့မတူဘူး။
.
ဆက်သွယ်ရေး
ဘားအံမြို့ထဲမှာတော့ ဖုန်းလိုင်းအကုန်မိပေမဲ့လည်း Hpa-ann lodge မှာတော့ Ooredoo ကတော်တော်ကောင်းတယ်။ MPT လည်းမဆိုးဘူး။ ကိုယ်က Telenor သယ်သွားတာမမိဘူးလေ။
.
ဘာတွေစားရမလဲ?
ဘားအံရောက်ရင် မဖြစ်မနေ စားရမယ့်နေရာ သုံးခုရှိပါတယ်။ စံမတူ၊ ရွှေကြက်ဖ နဲ့ အိန္ဒု (ကြက်ကင်)ဆိုင်ပါ။ ရောက်ရောက်ခြင်းနေ့ကတော့ ရွှေကြက်ဖမှာပဲ သွားစားဖြစ်ခဲ့တယ်။ ဒီတစ်ခေါက်တော့ စံမတူမှာမစားဖြစ်ပါဘူး။ Hpa-ann Lodge မှာ နေမယ်ဆိုရင်တော့ ရွှေကြက်ဖ ဖုန်းနံပါတ်ယူထားတာ ကောင်းပါတယ်။ ညဘက်က ဒီမှာစားဖို့က ဈေးကြီးတယ်လေ။ ရွှေကြက်ဖမှာ ညအတွက် ထမင်းတွေ ဟင်းတွေ မှာခဲ့ပြီး ပြန်လာခဲ့တယ်။ ညနေသူတို့ကိုဖုန်းဆက်ပြီး လာပို့ပါပြောရင် ကယ်ရီနဲ့လာပို့ပေးတယ်။ ကယ်ရီခတော့ ပေးရတာပေါ့နော်။ လိပ်စာကဒ်လေး ထည့်ပေးထားပါတယ်။ ဒီဆိုင်မှာ မဖြစ်မနေစားရမှာကတော့ ဝက်အူချောင်းပါ။ တစ်ချောင်းမှ ငါးရာကျပ်ပဲ ပေးရတယ်။ အခြားဟာတွေကတော့ ဈေးများတယ်။ ၄၅၀၀ လောက်ပေးရပါတယ်။ ဝက်အူချောင်းကြိုက်သူဆိုရင် ဒါကို မဖြစ်မနေစားခဲ့နော်။
.
အိန္ဒု ကြက်ကင်ဆိုင်က လွန်ခဲ့တဲ့သုံးနှစ်ကတည်းက အရမ်း ကြိုက်လာတာ။ ဒီတစ်ခါ ဘားအံထပ်ရောက်ရင် ထပ်စားမယ်ဆိုပြီး သန္ဓိဌာန်ချထားခဲ့တာပေါ့။ ကိုယ်လဲ ရောက်ကော ဟယ်ဒီဆိုင်ကော ဟုတ်ရဲ့လားပေါ့။ အရမ်းကိုပြောင်းလဲသွားတယ်။ ကိုယ်ကတော့ အရင်ဆိုင်သေး သေးလေးနဲ့ ကြက်ကင်လေးတွေ ကိုယ့်ရှေ့ ကင်ပေးတဲ့ အိန္ဒုကိုပိုကြိုက်တယ်။ ဒီမှာကတော ဈေးအရမ်းသက်သာတယ်။ ကွေ့တီယိုတစ်ပွဲ (၅၀၀) ကျပ်၊ ကြက်ကင် (၃)ချောင်းကို တစ်ထောင်ကျပ် ပဲ ပေးရတယ်။ အခြားဟာတော်တော်များများလဲတော်တော်သက်သာတယ်။ ဒီဆိုင်ကလဲ ဘားအံရောက်ရင် မရောက်ရောက်အောင်သွားနော်။ ဆန္ဒန်ဂူသွားရာလမ်းမှာရှိပါတယ်။
.
လည်စရာနေရာတွေကတော့ တော်တော်များများလဲသိပြီးသားမို့ မရေးတော့ပါဘူး။ ဒီတစ်ခေါက်တော့ ဆန္ဒန်ဂူပဲရောက်ဖြစ်ခဲ့တယ်။ အေးဆေးအနားယူချင်တာရယ် မိုးတွင်းဆိုတော့ သွားရလာရ အဆင်မပြေတာရယ်ကြောင့်ပါ။ ကဲ ဒီလောက်ဆို ရန်ကုန်ကနေ စနေ၊ တနင်္ဂနွေ ထွက်ပြေးချင်တဲ့ သူငယ်ချင်းတွေအတွက် အဆင်ပြေလောက်ပြီ ထင်ပါတယ်။
ဟိုတယ်ဘိုကင်တင်ချင်ရင် Living Irrewaddy 012314870ကိုလဲဆက်လို့ရတယ်
#chilli #travelwithchilli #hpaann #mykhayee
Reference from :
https://www.facebook.com/mykhayee/?hc_ref=PAGES_TIMELINE
#chilli #travelwithchilli #hpaann #mykhayee
Reference from :

















































