Friday, 2 September 2016

Ngapali Beach, Ayewaddy Division, Myanmar

" ဈေးသက်သက်သာသာနဲ့ ငပလီသွားလည်ကြမယ် "
=====================================
ငပလီဆိုတဲ့ အသံကြားလိုက်တာနဲ့ အရမ်းလှပြီး ဈေးလည်းအရမ်းကြီးတဲ့ ကမ်းခြေတစ်ခုလို့ လူတိုင်းမှတ်ထင်တတ်ကြလို့ ဈေးနည်းနည်း ပိုသက်သာတဲ့ ချောင်းသာ ၊ ငွေဆောင်ဘက်ကိုပဲ ပိုပြီးသွားရောက် လည်ပတ်ဖြစ်ကြပါတယ် ။
ငပလီကမ်းခြေက အရမ်းလှပေမယ့်လည်း လေယာဉ်နဲ့သွားပြီး ဟိုတယ်ကောင်းကောင်း တည်းရင် ဖူးခက်သွားလည်တဲ့ ကုန်ကျစားရိတ်နဲ့ အတူတူနီးပါး ဖြစ်နေလို့ အိမ်နီးချင်းထိုင်းနိုင်ငံဖူးခက်ကမ်းခြေကိုပဲ သွားလည်ကြတဲ့သူတွေလည်း မနည်းလှပါဘူး ။
တကယ်တော့ ငပလီမှာ နိုင်ငံခြားသားတွေ တည်းခိုလေ့ရှိတဲ့ ဟိုတယ်အကောင်းစား 3 Star , 4 Star တွေက ဈေးတွေ အရမ်းကြီးနေပေမယ့်လည်း ချောင်းသာဘက်မှာလိုပဲ ရွာထဲက အိမ်တွေမှာ ဈေးသက်သက်သာသာနဲ့ ကောင်းကောင်းကြီး တည်းခိုလို့ရပါတယ် ။
လာလည်သူတွေ များလွန်းလို့ ဈေးကွက်သဘောတရားအရ အခုအချိန်မှာ ချောင်းသာရဲ့ ဟိုတယ် ၊ တည်းခိုခန်း စားရိတ်က ငပလီထက်တောင် ပိုမြင့်လာနေပြီလို့ ပြောလို့ရပါတယ် ။ ဥပမာ အခုမေလမှာ ငပလီက 4 star ဟိုတယ်ကြီးတွေမှာ Discount တွေ အများကြီး ချနေကြချိန်မှာ လိုကယ်တွေပဲ လာတဲ့ ချောင်းသာကတော့ Garden View တောင် သိန်းချီပြီး ပေးနေရပါတယ် ။
ငပလီလမ်းဆုံ မီးပွိုင့်နားက ငပလီရွာလေးထဲမှာတော့ Guest House , ဟိုတယ် ၊ မိုတယ် ၊ ဘန်ဂလို ၊ လုံးချင်း အိမ်လေးတွေဟာ ဟိုနားတစ်ခု ဒီနားတစ်ခုနဲ့ မှိုပေါက်သလို ပေါက်လာနေကြပါတယ် ။
ဒေသခံ အိမ်တွေတော်တော်များများက ဧည့်သည်တွေ လက်နိုင်ခံဖို့ မိမိတို့အိမ်တွေကို အမြန်ဆုံး ပြင်ဆင်မွမ်းမံရင်း အလုပ်ရှုပ်နေကြပါတယ် ။ လုံးသာ နဲ့ မြပြင်ဘက်မှာ ဆိုရင်လည်း guest house ၊ တည်းခိုခန်း ၊ လုံးချင်းအိမ်တွေ အများကြီး ရှိလာပါပြီ ။
နိုင်ငံတော်က Homestay ကို တရားဝင် ခွင့်ပြုမထားသေးပေမယ့်လည်း ဈေးကွက် လိုအပ်ချက်သဘောအရ အိမ်နီးချင်း နိုင်ငံတွေမှာလို CBT ခေါ် Community Based Tourism ရဲ့ ကနဦး ခြေလှမ်းအစလည်း ဖြစ်ပါတယ် ။
တစ်ညကို တစ်သောင်းနှစ်သောင်းတန် တည်းခိုခန်းလေးတွေ ရှိကြသလို ငါးသောင်း တစ်သိန်းတန် ရိုးရာလုံးချင်းအိမ်တွေလည်း အများကြီးပါပဲ ။
အချို့လုံးချင်း အိမ်လေးတွေဆိုရင် တော်တော်လေးကို သပ်သပ်ရပ်ရပ်နဲ့ အဆင်ပြေအောင် ပြင်ဆင်ထားကြပါတယ် ။ အဲယားကွန်း မရှိတောင် ပန်ကာလောက်တော့ အနည်းဆုံးရှိကြပါတယ် ။
ကမ်းခြေနဲ့လည်း သိပ်မဝေးသလို အနီးအနားမှာ စားသောက်ဆိုင်တွေလည်း အများကြီး ရှိကြပါတယ် ။
ဒီတစ်ခေါက် ကျွန်တော်တို့အဖွဲ့ (လူ 12 ယောက်) တည်းခဲ့ကြတဲ့ ငပလီရွာက ခြေတံရှည် နှစ်ထပ်လုံးချင်း အိမ်လေးဆိုရင် ကမ်းခြေက ကိုက် 50 လောက်ပဲဝေးပြီး တစ်ဖွဲ့လုံးအတွက် တစ်ညကို ငါးသောင်းပဲ ပေးခဲ့ရပါတယ် ။
လူဦးရေ ဘယ်နှစ်ယောက်ပဲ တည်းရမယ်လို့ ကန့်သတ်ထားတာမျိုးလည်း မရှိဘဲ ကိုယ့်ဒေါသနဲ့ကိုယ် ဆံ့သလောက် တည်းနိုင်ပါတယ် ။ ရက်များရင် ဈေးထပ်လျှော့ဦးမှာဖြစ်ပါတယ် ။ သင်္ကြန်လို အချိန်မျိုးဆိုရင်တော့ Demand များလွန်းလို့ တစ်ညကို နှစ်သိန်းလောက် အထိ ဈေးတက်သွားတယ်လို့ သိရပါတယ် ။
အဲယားကွန်းပါတဲ့ အိပ်ခန်းနှစ်ခန်းပါပြီး ဘုရားခန်းအကျယ်ကြီးမှာ ယောက်ျားလေး သူငယ်ချင်းများအားလုံး တန်းစီအိပ်ရတာလည်း တမျိုးပျော်စရာ ကောင်းပါတယ် ။ လေညှင်းခံဖို့ ဝရန်တာလေးလည်းပါပြီး အောက်ထပ်မှာတော့ ရေချိုးခန်းတစ်ခန်း ၊ ဘိုထိုင်အိမ်သာတစ်လုံး ၊ ရေချိုးဖို့ အုတ်ကန်တစ်လုံး ပါဝင်ပါတယ် ။ ( အားလုံးအတွက် ဘိုထိုင်အိမ်သာ တစ်လုံးပဲရှိလို့ မနက်ကျရင် တန်းစီရတာလေးတစ်ခုပဲ ပြောစရာရှိခဲ့ပါတယ် ။)
မိသားစုများ သွားရောက်တည်းခိုလိုပါက မလဲ့ 09250462640 ကို ကြိုတင်ဆက်သွယ် နိုင်ပါတယ် ။ ဟိုရောက်မှ သူ့ကို လိုက်ပြခိုင်းပြီး စိတ်တိုင်ကျ ရွေးလို့လည်း ရပါတယ် ။
ကမ်းခြေတစ်လျှောက် ပင်လယ်စာ Sea Food ရတဲ့ ဆိုင်တွေလည်း အများကြီးပါ ။ အဲဒီအထဲမှာ ' ပင်လယ် 'ဆိုတဲ့ ဆိုင်လေးကတော့ ဈေးရော အစားအသောက်ရော အဆင်အပြေဆုံး ဖြစ်ပါတယ် ။
တုတ်နဲ့ထိုးပြီး ကင်ထားတဲ့ ငါးကင် ပုဇွန်ကင်တစ်ကောင်ကို 500 ကျပ်ပဲကျပါတယ် ။ အခြား ငပါးနီ ၊ ကျောက်ငါး ၊ ငါးရွှေ ၊ ရေဘဝဲ ၊ ပြည်ကြီးငါ ၊ ဂုံး ၊ ကဏန်း စသည်ဖြင့် ကြိုက်ရာမှာစားနိုင်သလို ဈေးလည်း အရမ်းမကြီးပါ ။ မြန်မာဘီယာတစ်လုံးကိုတော့ 2500 ကျပ်ကျပါတယ် ။
မနက်စာ ဘလိတ်ဖတ်အတွက် ထမင်းကြော် ပဲပြုတ် ကြက်ဥကျော် တို့ကြိုမှာထားလို့လည်း ရပြီး တော်တော်လေး အဆင်ပြေပါတယ် ။
ငပလီလမ်းဆုံနားက ငပလီရွာမှာ အိမ်ပြန် အမှတ်တရလက်ဆောင် ပစ္စည်းလေးတွေကို လည်း ဝယ်ယူနိုင်ကြပါတယ် ။ ငါးပိငါးခြောက် ဈေးတွေကတော့ သိပ်မသက်သာဘဲ ဈေးကြီးပါတယ် ။
စလူဖက်နဲ့ထုပ်ထားတဲ့ ငပလီကောက်ညှင်းထုပ် သေးသေးလေးတွေကတော့ ဈေးလည်းချိုသလို စည်းစည်းလေးနဲ့ စားလို့လည်းကောင်းလို့ အကောင်းဆုံး အိမ်ပြန်လက်ဆောင်တစ်ခု ဖြစ်ပါတယ် ။ တခါတလေ စောစောကုန်သွားတတ်လို့ အစောကြီးကတည်းက နီးစပ်ရာဆိုင်တွေမှာ ကြိုတင်မေးမြန်းပြီး မှာကြားထားနိုင်မှ စိတ်ချရမှာ ဖြစ်ပါတယ် ။
မြပြင်ဘက် ရှု့ခင်းများဟာလည်း ကျောက်ဆောင်များနှင့် တစ်မျိုးတစ်ဖုံလှပနေလို့ ဓါတ်ပုံလှလှ ရိုက်ချင်သူများအနေနဲ့ မဖြစ်မနေ သွားရောက်လည်ပတ်သင့်သလို ဟိုတယ်ဇုန်ဘက်နှင့် ငါးဖမ်းလှေများဖြင့် ပြည့်နှက်နေသည့် ဂျိတ္တောဘက်သို့လည်း သွားရောက်လည်ပတ် လေ့လာနိုင်ပါတယ် ။
ချောင်းသာရှိ သဲဖြူ ကျွန်းကဲ့သို့ ငပလီ၏နာမည်ကျော် ပုလဲကျွန်းသို့လည်း လှေငှားကာ သွားရောက် လည်ပတ်နိုင်ပါသေးတယ် ။ လှေမှာ 8 ယောက်လောက်ထိစီးနိုင်ပြီး အသွားအပြန် 35000 ကျပ် ဝန်းကျင်ကျပါတယ် ။ မိမိတို့ တည်းခိုရာ ဟိုတယ် ၊ တည်းခိုခန်းရှေ့အထိအရောက် လာကြိုပေးကြသလို ပုလဲကျွန်းတည့်တည့်မှ သွားစီးလို့လည်း ရပါတယ် ။
ပုလဲကျွန်းမှာ သဲများဖြူ ဖွေးနေပြီး ရေလည်း အလွန်ကြည်လင်သဖြင့် Snookling လုပ် (ရေငုပ်) ရန် အကောင်းဆုံးဖြစ်ပါသည် ။ ကျွန်းပေါ်တွင် အစားအသောက် ရောင်းချသော ဆိုင်အချို့ရှိပြီး Toilet လည်း အဆင်ပြေပါသည် ။
သို့သော် ယခုမေလ မုန်တိုင်းရာသီသို့ ဝင်ရောက်လာပြီး ခရီးသည်များလည်း ပါးလာပြီဖြစ်သဖြင့် ပုလဲကျွန်းပေါ်မှ စားသောက်ဆိုင်များ ပြန်သိမ်းနေကြပြီ ဖြစ်သဖြင့် သွားရောက်လည်ပတ်ချင်ပါက မိမိဘာသာ လိုအပ်သည်များကို တပါတည်း ယူဆောင် သွားသင့်ပါသည် ။
အချိန်ရပါက ပုလဲကျွန်းအပြင် အခြားပိုဝေးသော ကျွန်းများဆီသို့လည်း လှေငှားပြီး သွားရောက် လည်ပတ်နိုင်ပါသေးသည် ။ Life Jacket များကိုတော့ ကိုယ်နှင့်တပါတည်း ယူဆောင်သွားသင့်ပါသည် ။
ယခုအခါ ငပလီသို့ လေကြောင်းခရီးမှ သွားရောက်ပါက တစ်ဦးလျှင် အသွားအပြန် 150000 ဝန်းကျင်လောက်ကျပြီး တစ်နာရီကျော်ကျော်လောက်သာ စီးရသည်ဖြစ်ရာ လူအလွန် သက်သာပါသည် ။
မိမိတို့ကားဖြင့် သွားရောက်မည်ဆိုပါက ရန်ကုန်တောင်ကုတ်လမ်းမှတဆင့် သံတွဲအထိ သွားရောက်နိုင်သလို ငါးသိုင်းချောင်း ဂွလမ်းမှာ ပိုနီးပြီး ယခင်ကကဲ့သို့ မဟုတ်တော့ဘဲ လမ်းမှာ တော်တော်လေး ကောင်းမွန်နေပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ရိုးမတောင်ပေါ်လမ်းဟာ ကျဉ်းပြီး အကွေ့အကောက်လည်း များသဖြင့် အေးရာအေးကြောင်း မောင်းနှင်ပါက 12 နာရီခန့်လောက်တော့ မောင်းရပါသည် ။
ရန်ကုန်မှ Express Bus လေအိပ်ကားကြီးများဖြင့် သွားမည်ဆိုပါက တစ်ယောက်လျှင် တစ်သောင်းခွဲလောက် ကျပါသည် ။ နံနက် 7 နာရီထွက်ပြီး ငပလီကို ညနေမမှောင်ခင် လောက်ရောက်ပါမည် ။ ညပိုင်းကားများလည်းရှိပြီး မိုးလင်းရောက်ပါသည် ။
ရိုးမပေါ်တွင် လမ်းအကွေ့အကောက် များသဖြင့် ကားမူးတတ်သူများအနေဖြင့် အစာကိုအရမ်းဝအောင် မစားထားဘဲ အတန်အသင့်သာ စားကာ B6 နှင် အင်နာဘွန်စီ တစ်လုံးစီ ကြိုတင် သောက်ထားသင့်ပါသည် ။
ရိုးမတောလမ်းအပါအဝင် လမ်းတလျှောက် MPT , Ooredoo 3G များ ဖလမ်းဖလမ်း ထပါသည် ။ Telenor မှာမူ လတ်တလော နေရာတိုင်းတွင် အဆင်မပြေသေးပါ ။
ဤလမ်းညွှန်လေးမှာ ငပလီသို့ မကြာခဏ သွားရောက်လည်ပတ်ဖူးသူများအတွက် သိပ်ပြီးထူးခြား ပြည့်စုံမှုရှိမည် မဟုတ်သော်ငြားလည်း ယခုမှသွားရောက် လည်ပတ်ချင်သူများ အတွက်တော့ အတိုင်းအတာတစ်ခုအထိ အထောက်အကူတစ်ခု ဖြစ်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည် ။
ခရီးများထွက်ပြီး ဒေသန္တရဗဟုသုတများ တိုးပွားနိုင်ကြပါစေ ။။
အောင်ကိုမြတ်
မေလ ၁၉ ၂၀၁၆
Photo Credit to > Original Owner





















 Reference from:
 https://www.facebook.com/aungkomyat?hc_ref=PAGES_TIMELINE


No comments:

Post a Comment